ရတနာပုံတယ်လီပို့ကုမ္ပဏီသည် တရားဝင်ပေါက်ဈေး ၁၅ သိန်း သတ်မှတ်ရောင်းချခဲ့သည့် ADSL အင်တာနက်လိုင်းများကို ကနဦးတပ်ဆင်ခ ငါးသိန်းကျပ်အဖြစ်သို့ ယခုလ၁၅ ရက်နေ့တွင် ပြောင်းလဲပြင် ဆင်သတ်မှတ်ပေးခဲ့ကြောင်း အမျိုးသားအဆင့် ရတနာပုံဝက်ဘ်ပေါ်တယ်၌ ထုတ်ပြန်ကြေညာခဲ့သည်။
ဈေးနှုန်းအဟောင်းဖြင့် လိုင်းအရေအတွက် ခြောက်ထောင်ကျော်ကို ရတနာပုံတယ်လီပို့ကုမ္ပဏီအနေဖြင့် ရောင်းချနိုင်ခဲ့ပြီး ဈေးနှုန်းအသစ်ဖြင့်လည်း လိုင်းအရေအတွက်သုံးဆယ်ကျော်ကို ရောင်းချပေးနိုင်ခဲ့ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိ သူတစ်ဦးကပြောသည်။ ပြင်ဆင်သတ်မှတ်ခဲ့သော ဈေးနှုန်းအသစ်အရ ADSL အင်တာနက်လိုင်း၏ ကနဦးတပ်ဆင်မှာ ငွေကျပ်ငါးသိန်းဖြစ်ပြီး Modem ၀ယ်ယူအသုံးပြုခြင်းကိုမှု ပြင်ပမှ စိတ်ကြိုက်ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အမြန်နှုန်းအားဖြင့် 128 kbps မှ 512Kbps အထိအသုံးပြုနိုင်သော ADSL အင်တာနက်လိုင်းအတွက် နှစ်စဉ်ကြေးမှာ FEC 60 ဖြစ်သည်။
ရန်ကုန်၊ မန္တလေးနှင့် ရတနာပုံဆိုက်ဘာစီးတီးတွင်ရှိသော အော်တိုတယ်လီဖုန်း အသုံးပြုသူများအတွက်သာ ရတနာပုံတယ်လီပို့ကုမ္ပဏီအနေဖြင့် ADSL အင်တာနက်လိုင်းများကို ရောင်းချပေးလျက်ရှိပြီး နောက်ပိုင်းအစီအစဉ်များ၌ အခြားသောမြို့များအတွက်ကိုပါ ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ADSL အင်တာနက်လိုင်းများအား မြန်မာ့ဆက်သွယ်ရေးတွင် ၀ယ်ယူလိုပါက ကနဦးတပ်ဆင်ခ ၆ သိန်းကျပ်နှင့် Modem ကြေးတစ်သိန်းကျပ် ကျသင့်မည်ဖြစ်ကြောင်း သိရသည်။ ရေးသားသူ - မြင့်ကျော်လှိုင်

No comments:
Post a Comment