10/25/2011

ကမ္ဘာ့အဆင့်(၁)ကို အနိုင်ယူခဲ့သူ ကိုရီးယားဂေါက်သီးမယ်




ကိုယ်ရေးအကျဉ်း
အမည် - နာယွန်ချွိုင်
ဇာတိ - တောင်ကိုရီးယား
မွေးသက္ကရာဇ် - ၂၈-၁၀-၈၇
အရပ် - ၅ ပေ ၅ လက်မ
ပရိုစ - ၂၀၀၄
LPGA စ - ၂၀၀၈
နိုင်ပွဲပေါင်း - ၁၂
ဆုကြေး - သုံးသန်း
အမည်ပြောင် - NYC
စပွန်ဆာ - SK Telecom
Kuala Lumpur Golf Country Club မှာ ကျင်းပပြီးစီးခဲ့တဲ့ မလေးရှား အိုးပင်း အမျိုးသမီးဂေါက်သီးရိုက်ပြိုင်ပွဲဟာ ကမ္ဘာ့အဆင့်(၁) တိုင်ပေ မလေး ရာနီ ဆမ်၊ အမေရိကန်သူချောလေး မစ်ရှဲဝေ တို့ ပါဝင်တဲ့ အရှိန်ကြောင့် ပရိသတ် စိတ်ဝင်စားမှုများပြားခဲ့ရသလို ကိုရီးယား ဂေါက်သီးမယ်လေး နာယွန်ချွိုင်(၂၃ နှစ်) က လက်စွမ်းပြဗိုလ်စွဲသွား ခဲ့တာကြောင့် အခုရက်သတ္တပတ် အားကစားရပ်ကွက်မှာ ဟော့သတင်း တစ်ပုဒ်ဖြစ်ခဲ့ရတာ အမှန်ပါပဲ။

အယ်လ်ပီဂျီအေဂေါက်သီး ပြိုင်ပွဲတွေမှာ အာရှစတားမလေးတွေ တစ်စတစ်စနဲ့ ချင်းနင်း နေရာယူလာ ပြီဆိုတာကိုလည်း မလေးရှား အိုးပင်း ပြိုင်ပွဲက သက်သေထူနေပြီပဲလို့ ဆိုသူကလည်း ဆိုနေကြ ပါတယ်။
မလေးရှား အိုးပင်း ချန်ပီယံဆုဖလားနဲ့အတူ ဆုကြေး ငွေဒေါ်လာ နှစ်သိန်း ရှစ်သောင်း ငါးထောင်ကို ရရှိခဲ့သူ ဂေါက်သီးမယ် နာယွန်ချွိုင် ဟာ လေးရက်တာစုစုပေါင်း ရိုက်ချက် ၂၆၉ ချက်နဲ့ ဦးဆောင်ဗိုလ်စွဲ ခဲ့တာဖြစ်ပြီး အခုနှစ် အယ်လ်ပီဂျီအေ ပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့ ဒုတိယမြောက် ကိုရီးယားသူချောလေးအဖြစ် မှတ်တမ်း ၀င်ခဲ့ပြီပဲဖြစ်ပါတယ်။
Kyoraku Cup ဂေါက်သီးပြိုင်ပွဲမှာ ကိုရီးယားလက်ရွေးစင်အဖြစ်နဲ့ ဇာတိမြေ ကိုယ်စားပြုယှဉ်ပြိုင်ခွင့်ရခဲ့သူ ချာတိတ်မလေး နာယွန်ချွိုင်ဟာ အာရှရဲ့ အလားအလာအကောင်းဆုံးဂေါက်သီး ငွေကြယ်ပွင့်သစ် တစ်ဦးပဲလို့ ညွှန်းရမယ့်သူ တစ်ဦးပဲဖြစ်ပါတယ်။
အခု သူရယူနိုင်ခဲ့တဲ့ မလေးရှားအိုးပင်းဆုဖလားဟာ သုံးနှစ်အတော အတွင်း ပဉ္စမမြောက် သိမ်းပိုက်ခွင့်ရတဲ့ အောင်မြင်မှုသင်္ကေတဖြစ်ပြီး သူ့ရဲ့ ဂေါက်သီးသက်တမ်းတစ်လျှောက် ၁၂ ပွဲမြောက် နိုင်ပွဲလည်း ဖြစ်ပါတယ်။
ပရော်ဖက်ရှင်နယ်ဂေါက်သီးကမ္ဘာကို ၂၀၀၄ ကာလမှာ စတင်ခြေချ လာသူ အာရှငွေကြယ်ပွင့်မလေးရဲ့ မွေးရပ် ဇာတိမြေက တောင်ကိုရီးယားက ပါဂျူး ဒေသပဲဖြစ်ပါတယ်။
၁၀ နှစ်သမီးအရွယ် ချာတိတ်မလေးဘ၀ကတည်းက ဂေါက် ရိုက်တံကို ခုံမင်ခဲ့သူဟာ သပြေတို့အရွယ် ၁၇ နှစ်မှာ ချန်ပီယံဆုဖလားကို စတင် နမ်းရှိုက်ခွင့်ရခဲ့သူပါပဲ။
ကေအယ်လ်ပီဂျီ အေပြိုင်ပွဲမှာ သူစတင်ဗိုလ်စွဲခဲ့တာပဲဖြစ် ပါတယ်။ အာရှစူပါစတားဂေါက်သီးမယ် တစ်ဦးဖြစ်သူ သီရီပက်ကို ကျော်လွှားပြီး ကေအယ်လ်ပီဂျီအေဆုဖလားရယူခဲ့သူ ချာတိတ်မလေးဟာ ၂၀၀၄ ကနေ ၂၀၀၇ ကာလတာ အတောအတွင်း အာရှ ဂေါက်သီးနယ်မြေမှာ ကျင်လည်ရင်း ငွေကြယ်ပွင့်သစ်လေးအဖြစ်ကို လှမ်း တက်နိုင်ခဲ့သူပဲဖြစ်ပါတယ်။
ကိုရီးယားဂေါက်သီးလောကမှာ စူပါ ဖြစ်လာသူချွိုင်ဟာ အယ်လ်ပီဂျီအေ လက်ရည်စစ်ပွဲကို ၂၀၀၇ ဇူလိုင်မှာ ကျော်လွှားနိုင်ခဲ့ပြီး ၂၀၀၈ ကာလမှာတော့ ကမ္ဘာ့ထိပ်တန်း အယ်လ်ပီဂျီအေ ပြိုင်ပွဲကို ၀င်နွှဲနိုင်ခဲ့ပြီပဲဖြစ်ပါတယ်။
အင်္ဂလိပ်စကားကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်သူ ကိုရီးယားမလေးဟာ ပရော်ဖက်ရှင်နယ်ဘ၀စပြီး လေးနှစ် အကြာမှာ ကမ္ဘာ့ ထိပ်တန်းအဆင့်ပြိုင်ပွဲ မှာ ၀င်နွှဲနေပြီပဲဖြစ်ပါတယ်။
၂၀၀၆ ကိုရီးယား ကေအယ်လ်ပီဂျီအေပြိုင်ပွဲရဲ့ တတိယ ၀င်ငွေအကောင်းဆုံးဆုရှင် ဖြစ်သူ ချွိုင်ဟာ အယ်လ်ပီဂျီအေပြိုင်ပွဲ မှာလည်း မျက်နှာမငယ်ခဲ့သူပဲဖြစ်ပါတယ်။
တစ်နှစ်တာဆုကြေးငွေ တစ်သန်း ကျော် ရရှိခဲ့ပြီး အာရှရဲ့ဝင်ငွေအကောင်း ဆုံး ဂေါက်သီးမယ်စာရင်းမှာ ထိပ်ဆုံး ၁၀ ဦးထဲ ပါဝင်ခဲ့တာ ဘာမှမကြာလှ သေးတဲ့ကာလတစ်ခုကပဲဖြစ်ပါတယ်။
အယ်လ်ပီဂျီအေကိုရီးယားတိုးမှာ နိုင်ပွဲ ပေါင်း ခုနစ်ပွဲတိတိရယူထားသူ ချာတိတ် မလေးဟာ အပတ်တကုတ်ယှဉ်ပြိုင် အားထုတ် တတ်သူ ငွေကြယ်ပွင့်ဂေါက် သီးမယ်တစ်ဦးဖြစ်ပြီး အယ်လ်ပီဂျီအေ ပြိုင်ပွဲခရီးနှစ်နှစ်တာကာလ ၂၀၁၀ မှာတော့ Vare Trophy ပိုင်ဆိုင်ခွင့်ရခဲ့ သလို ဆုကြေးအများဆုံးရရှိသူ အာရှ စူပါစတားအဖြစ် မှတ်တိုင်သစ်စိုက်ထူ နိုင်ခဲ့တာဟာ အာရှတစ်လွှားက ဂေါက်သီးဝါသနာအိုးလေးတွေအတွက် တော့ အတုယူအားကျစရာပဲမဟုတ်ပါ လား။
၂၀၀၉ ကာလမှာတော့ ဆမ်ဆောင်း ကမ္ဘာ့ချန်ပီယံရှစ်ဆုဖလားနဲ့ ဟာနာဘာကင် ချန်ပီယံရှစ်ဆုဖလား နှစ်လုံးရယူခဲ့ပြီး ၂၀၁၀ မှာ ဂျေမီဖား ကလပ်စစ်ဆုဖလား ဆက်လက်သိမ်းပိုက် ခဲ့သူ ကိုရီးယားသူလေးဟာ ဂေါက်သီး ပရိသတ်ကြားမှာ NYC လို့ အမည်ပေး ကင်ပွန်း တပ်ခံရသူဖြစ်ပြီး ကိုရီးယားရဲ့ ၀င်ငွေအကောင်းဆုံးဂေါက်သီးမယ် အဖြစ် ကမ္ပည်းတင်နိုင်ခဲ့သူပဲဖြစ်ပါ တယ်။
ထူးထူးခြားခြား ဘော်လီဘော ပြိုင်ပွဲကို နှစ်သက်အားပေးတတ်သူ ဂေါက်သီးမယ်လေးချွိုင်ဟာ၊အခုမလေးရှား အိုးပင်းမှာလည်း တိုင်ပေစူပါစတား ရာနီဆမ်ကို ခက်ခက်ခဲခဲယှဉ်ပြိုင်အနိုင်ရရှိခဲ့တာပဲဖြစ်ပါတယ်။
Rolex Ranking မှာ ကမ္ဘာ့အဆင့်(၄) နေရာကို ပိုင်ဆိုင်ထားသူ ကိုရီးယားမလေး ချွိုင်ဟာ ၂၀၁၁ ပြိုင်ပွဲ ပွဲစဉ် တစ် လျှောက်ပထမဆုံး ဆုဖလား လို့ ဆိုရမယ့် မလေးရှားအိုးပင်းကို ပိုင်ဆိုင်ခွင့်ရခဲ့ပြီး စုစုပေါင်း ဆုကြေးငွေ ဒေါ်လာသုံးသန်း နီးပါးပိုင်ဆိုင်ထားသူမို့ အယ်လ် ပီဂျီအေမှာ လင်းလက်စပြုလာတဲ့ အာရှငွေကြယ်ပွင့်သစ်ပါလို့ ဂေါက်သီးဝေဖန်ရေးဆရာတွေက ထောမနာပြုရတာပဲ ဖြစ်ပါ တယ်။
Roolie of the Year ဆုနဲ့ KLPGA Top Money Earner ဆုရှင် ပူပူနွေးနွေး မလေးရှားအိုးပင်း ချန်ပီယံ မလေးကို စပွန်ဆာပေးနေ တာက နာမည်ကြီး SK Telecom ကုမ္ပဏီကြီး ဖြစ်ပြီး ၂၀၁၄ ကာလ အထိ စာချုပ်ချုပ်ဆို ထားပြီးဖြစ်ပါတယ်။
၂၀၁၁ ရဲ့ ပထမဆုံးသော အယ်လ် ပီဂျီအေဆုဖလားရယူအပြီးမှာ ကိုရီးယားမလေးက "အတိုင်းမသိ ပီတိဖြစ်ကြည်နူးရပါတယ်။ ထိပ်ဆုံး သုံးဦးထဲပါရင်ကျေနပ်ပါပြီဆိုတဲ့ စိတ်နဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပေမယ့် ကံတရားဖေးမခဲ့လို့ အခုလိုချန်ပီယံ ဆုဖလားထွေး ပွေ့ခွင့် ရရှိခဲ့တာပါ။ ရန်နီဆမ်ကို ကျော်လွှားဖို့ဆိုတာ တကယ့် ကို ခက်ခဲလှပါတယ်။ ဆက်လက်ပြီး ကြိုးစားသွားပါမယ်"လို့ ကတိစကား ဆိုလာခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ပါ။အယ်လ်ပီဂျီအေ ဂေါက်သီး ကောင်းကင်ယံထက်မှာ အာရှ ငွေကြယ်ပွင့်သစ်တွေ တလက်လက်နဲ့ ထွန်းပ ၀င်း တောက်လာ ပြီဆိုတာကိုတော့ ခေါင်းညိတ်လက်ခံ သဘောတူကြရမှာပဲ မဟုတ်ပါလား။
ကိုရီးယားသူလေးရဲ့ ကျန်ရှိ နေသေးတဲ့ ဂေါက်သီး ပြိုင်ပွဲတွေကို ရင်ခုန်အားပေးရင်း ..။

No comments:

Post a Comment