11/13/2011

ဗုဒ္ဓအလိုကျ အလှပြင်နည်း


ပန်းသီးမြင်တိုင်း သတိရနေပါသည်-ဟူသော ဆောင်းပါးရေးပြီး နောက်ပိုင်းမှာ စာဖတ်သူအချို့ က “စိတ်လှဖို့ အဓိက၊ စိတ်ကို အလှပြင်ရမယ်” ဆိုတာ သိရသော်လည်း စိတ်ကိုဘယ်လိုအလှပြင်ရမယ်ဆိုတာ မပါသေးတာကြောင့် “ဗုဒ္ဓအလိုကျ စိတ်အလှပြင်နည်း” ကိုလည်း ရေးပါအုံးဟု ပြောလာကြတဲ့အတွက် ဒီဆောင်းပါးလေး ရေးဖြစ်ခဲ့တာပါ၊ တောင်မြို့ မဟာဂန္ဓာရုံဆရာတော်ကြီးက-

ဓါတ်မရိုက်ခင်၊ ကြေးမုံပြင်ဝယ်၊ ရုပ်သွင်လှ မလှ၊ ပြုပြင်ရသို့၊ မုချမှန်စွာ၊ သံသရာဟု၊ ကမ္ဘာ့ရပ်ခွင်၊ ဓါတ်အပြင်၌၊ စိတ်စဉ်ကျန၊ အသွင်လှအောင်၊ ခေမမြို့နန်း၊ အရောက်လှမ်းဘို့၊ ပြင်စမ်းစေချင်၊ စိတ်အစဉ်ကို၊ ပြင်ဆင်လေကွဲ့၊ နေ့စဉ်တဲ့။ ဆိုပြီး စိတ်အလှပြင်ဘို့ တိုက်တွန်း တော်မူခဲ့ပါတယ်။
လူအများ ဓါတ်ပုံရိုက်ကြတဲ့အခါ ကိုယ့်ရဲ့ပုံလေး လှလှပပဖြစ်ဘို့ ဓါတ်ပုံမရိုက်ခင် ကြိုတင်ပြီး အလှပြင်ရ သလိုပါပဲ၊ ကိုယ့်ရဲ့ ဘဝကိုလဲ သံသရာ တလျှောက် နိဗ္ဇာန်ရောက်သည်အထိလှစေဘို့ နေ့စဉ်ပဲ စိတ်ကို အလှပြင် ကြပါတဲ့၊ ဒါကြောင့် ကိုယ့်ဘဝလှဘို့ ကိုယ်တိုင်ပဲ စိတ်ကို အလှပြင်ကြရ မှာပါ။
စူဠကမ္မဝိဘင်္ဂသုတ်မှာ “သက်ရှည် ကျန်းမာ၊ လွန်စွာ လှပ၊ ပေါလှ ခြွေရံ၊ စည်းစိမ်လျှံ၊ မျိုးမှန် တတ် ပညာ” ဆိုပြီး ဘဝအလှ (၇)မျိုး ရှိပါတယ်၊ အသက်ရှည်ခြင်း၊ ကျန်းမာခြင်း၊ ရုပ်လှခြင်း၊ အခြွေရံများခြင်း၊ စည်းစိမ် ဥစ္စာပေါခြင်း၊ အမျိုးမြတ်ခြင်း၊ ပညာတတ်ခြင်းတို့ပါပဲ၊ ဒီလိုဘဝအလှတွေကို လူတိုင်းက လိုချင်ရချင် ကြပါတယ်၊ ဒါပေမဲ့ လူတိုင်း ရပိုင်ခွင့်မရှိပါဘူး၊ ဘယ်လိုလူတွေ ရသလဲဆိုရင် စိတ်လှတဲ့သူတွေပဲ ရနိုင်ပါတယ်၊ ဒါ့ကြောင့် ကိုယ့်စိတ်ကို လှပအောင်ပြုပြင်နိုင်မှ ဘဝအလှတွေ ပိုင်ဆိုင်ကြမှာပါ။

စိတ်ထားလှမှ ဘဝလှမည်၊ စိတ်ထားကောင်းမှ ဘဝကောင်းမည်၊
စိတ်ထားမြင့်မှ ဘဝမြင့်မည်၊
စိတ်ထားမြတ်မှ ဘဝမြတ်မည်၊ -
မည်သူမဆို ကိုယ့်ဘဝ လှပ,ကောင်းမွန်, မြင့်မြတ်ဘို့ဆိုတာ ကိုယ့်ရဲ့ စိတ်ဓါတ်ပေါ်မှာပဲ မူတည်ပါတယ်၊ လူတစ်ယောက်ရဲ့ ဘဝကို မည်သည့် တန်ခိုးရှင်ကမှ ဖန်ဆင်းပြုပြင်ပေးနိုင်တာ မဟုတ်ပါဘူး၊ ကိုယ်သာလျင် ကိုယ့်ဘဝရဲ့  ဖန်ဆင်းရှင်အစစ်ပါပဲ၊ ဒီသုတ္တန်ထဲမှာ သုဘလုလင်က မြတ်စွာဘုရားကို မေးမြန်းလျှောက်ထားခဲ့ပါတယ်။
“လောကမှာရှိနေကြတဲ့ လူတွေဟာ ဘာ့ကြောင့် တစ်ယောက်နှင့်တစ်ယောက် မတူကြပါသလဲ၊ တချို့က အသက်ရှည်တယ်၊ တချို့က အသက်တိုတယ်” စသည်ဖြင့် မေးခွန်းပေါင်း (၁၄ )ချက် မေးမြန်းခဲ့ဘူးပါတယ်၊ မြတ်စွာဘုရားက “ ကမ္မံ သတ္တေ ဝိဘဇ္ဇတိ၊ ယဒိဒံ ဟီန ပဏီတ တာယ” စသည်ဖြင့် အကျယ်ဝေဖန်ကာ ဖြေဆို တော်မူခဲ့ပါတယ်၊ လူတွေ တစ်ယောက်နဲ့တစ်ယောက် မတူကြတာဟာ ဖန်ဆင်းရှင် တန်ခိုး ရှင်ရဲ့  ပြုပြင်ဖန်တီးမှုကြောင့် မဟုတ်ပဲ၊ ကိုယ်ပြုခဲ့တဲ့ ကံအားလျော်စွာ ဖြစ်ကြရကြောင်းနှင့် ဒီကံကပဲ လူတွေအားလုံးကို တစ်ယောက်နဲ့ တစ်ယောက် မတူအောင် အယုတ်အမြတ်ကွဲအောင် ခွဲပေးလိုက်တာဖြစ်ကြောင်း ရှင်းပြတော်မူခဲ့ပါတယ်၊ ဒါကို အကျဉ်းချုပ် မှတ်သားနိုင်ဘို့ ကျေးဇူးရှင်မဟာစည်ဆရာတော်ဘုရားကြီးက-
၁။ သူကိုသတ်ဖြတ်၊ သက်တိုတတ်၊ မသတ် အသက်ရှည်၊
၂။ ညှင်းဆဲမူကား၊ အနာများ၊ သနား ကျမ်းမာသည်၊
၃။ ဒေါသမီးလျံ၊ အကျီးတန်၊ သည်းခံ လှပသည်၊
၎။ မနာလိုမှာ၊ ခြွေရံကွာ၊ ဝမ်းသာ ခြွေရံစည်၊
၅။ မပေးလှူက၊ မွဲပြာကျ၊ လှူမှ ပေါကြွယ်သည်၊
၆။ မရိုမသေ၊ မျိုးယုတ်ချေ၊ ရိုသေ မျိုးမြတ်သည်၊
၇။ မမေးမမြန်း၊ ဉာဏ်မြင်ကန်း၊ စုံစမ်း ဉာဏ်ကြီးသည်။
ဆိုပြီး ဟောကြားရေးသားတော်မူ ခဲ့ပါတယ်၊ အဓိပ္ပါယ်က သူများအသက်သတ်ခဲ့တဲ့သူများဟာ ဖြစ်လေရာ ဘဝတိုင်းမှာ အသက်တိုတတ်ပြီး မသတ်ပဲ ရှောင်ကြဉ်ကြသူများကတော့ ဖြစ်လေရာဘဝမှာ အသက်ရှည် တတ်ပါတယ်၊ လူတစ်ယောက် အသက်ရှည်တယ်-တိုတယ်ဆိုတာ ဖန်းဆင်းရှင် တန်ခိုးရှင်ကြောင့်မဟုတ်ပဲ ကိုယ်ပြုခဲ့တဲ့ ကံကြောင့်ဆိုတာကို တစ်ခုခြင်း ရှင်းပြတော်မူပါတယ်၊ လိုချင်မှု လောဘ၊ စိတ်ဆိုးမှု ဒေါသ၊ မိုက်မဲမှု မောဟ၊ မနာလိုမှု ဣဿာ၊ နှမြောမှု မစ္ဆရိယ၊ ထောင်လွှားမှု မာန- စသော မကောင်းသော အကုသိုလ်စိတ်များကြောင့် အသက်တိုခြင်း အနာများခြင်းစသော မကောင်းကျိုးများ ဖြစ်ပေါ်လာကာ မလှမပ အောက်တန်းကျတဲ့ဘဝကို ရကြတာပါ၊ အဲဒီ လောဘစတဲ့ မကောင်းတဲ့ အကုသိုလ်စိတ်တွေကို မိမိသန္တာန်မှာ မဝင်ရောက်နိုင်အောင် ဒါန,သီလ,သမထ,ဝိပဿနာ စသော ကုသိုလ်တရားဖြင့် တားဆီးသုတ်သင် ပြုပြင် သွားကြရမှာပါ။
ဒါကြောင့် မိမိတို့ စွမ်းနိုင်သမျှ ပေးကမ်း လှူဒါန်းခြင်း၊ သရဏဂုံ,သီလ ဆောက်တည်ခြင်း၊ ဘုရားရှိခိုး, ပုတီးစိတ်, မေတ္တာပို့ခြင်း၊ တရားထိုင်ခြင်း စသောကုသိုလ်အလုပ်များကို နေ့စဉ် ပြုလုပ်နေခြင်းသည် မိမိစိတ်ကို အလှပြင်ခြင်းပင်ဖြစ်ပါသည်၊ ဗုဒ္ဓဘာသာဝင် တစ်ယောက်အနေနဲ့ လှူဒါန်းမှုတွင် မတွန့်တိုပဲ အမြဲလှူနေကြသဖြင့် အထူးပြောဘွယ်မလိုပါ၊ သို့သော်လည်း သရဏဂုံ သီလဆောက်တည်ဖို့နှင့် ဘုရားရှိခိုး, ပုတီးစိတ်, မေတ္တာပို့ အလုပ်တို့ကိုကား နေ့စဉ်မှန်မှန် မလုပ်နိုင်ကြပေ၊ တရားထိုင်ဘို့ဆိုရင် ကြောက်ရွံ့ နောက်တွန့် နေကြသည်က များ၏၊ အင်မတန် ဝမ်းနည်းဘို့ ကောင်းလှပါသည်၊ တကယ်ဆိုရင် ပိုက်ဆံမကုန်ပဲ အထူး ကုသိုလ်ရသောအလုပ် ဖြစ်၏၊ စိတ်ကို အထူးသန့်ရှင်းစေသော, စိတ်၏ ငြိမ်းအေးချမ်သာမှုကို ပေးစွမ်းနိုင်သော ကုသိုလ်အလုပ်များပင် ဖြစ်ပါတော့သည်။
ထိုကုသိုလ်များတွင်လည်း ဒါန,သီလ,သမထ,ကုသိုလ်များကား သာသနာတွင်းဖြစ်စေ သာသနာပဖြစ်စေ လုပ်ခွင့်ရနိုင်ကြပါသည်၊ အထူးအားဖြင့် ဝိပဿနာကုသိုလ်အလုပ်သည်ကား သာသနာနှင့်တွေ့ကြုံမှသာ အားထုတ်ခွင့် ရနိုင်ပါသည်၊ သာသနာနှင့် တွေ့ကြုံနေပါလျက် ဝိပဿနာ အားမထုတ်ကြရင်ဖြင့် သာသနာနှင့်တွေ့ရကျိုးမနပ်သလို ဘုရားပွင့်ရကျိုးလည်း မနပ်တော့ပေ၊ တချို့ လူငယ်များသည် တရားအားထုတ် တယ်ဆိုတာ အသက်ကြီးတဲ့ လူကြီးတွေရဲ့  အလုပ်ဟုထင်မှတ်ကာ လုံးဝစိတ်မဝင်စားကြပေ၊ တချို့ လူကြီးများကလဲ တရား “အားထုတ်တယ်ဆိုတာ နိဗ္ဗာန်ရောက်ဘို့အတွက်သာ”ဟုထင်မှတ်ကာ“နိဗ္ဗာန်ဆိုတာအသာထားပါအုံး လက်ရှိဘဝ စားဝတ်နေရေး အဆင်ပြေဘို့က အရေးကြီးပါတယ်”ဆိုပြီး တရားအားမထုတ်ပဲ ရှောင်နေကြတဲ့သူ တွေက အများကြီးပါပဲ၊ တရားအားထုတ်တယ်ဆိုတာ နိဗ္ဗာန်ရောက်ဘို့ မှန်သော်လဲ၊ နိဗ္ဗာန်ရောက်ဘို့ အတွက် လောက်သာ မဟုတ်ပါဘူး၊ ပစ္စုပ္ပန် ချမ်းသာရေးအတွက်လဲ ပါ ပါတယ်၊ တရားအားထုတ်ခြင်းအားဖြင့် လက်တွေ့ အကျိုး (၅)မျိုး ရနိုင်ပါတယ်- -
ဝိပဿနာပွါး ကျိုးသွား ငါးဖြာ၊
ရုပ်ဆင်းကြည်လင် ဉာဏ်မြင်တိုးလာ။
စည်းစိမ်တက်မည် သက်ရှည်ကျန်းမာ၊
အမှတ်ရှင်း လက်ငင်းရမည်သာ။
ဝိပဿနာတရား အားထုတ်ခြင်းအားဖြင့်-
(၁) ရုပ်ဆင်းကြည်လင်လှပခြင်း၊
တရားထိုင်ခြင်းကြောင့် စိတ်ကြည်လင်မည်၊ စိတ်ကြည်လျင် သွေးသားများလဲကြည်လင်၍ ရုပ်အသွင်လှပနိုင်ပါသည်။
(၂) အသိဉာဏ် တိုးတက်ခြင်း၊
တရားထိုင်ခြင်းအားဖြင့် သမာဓိအားကောင်းကာ အသိဉာဏ်ပညာများ အထူးကောင်းမွန်လာ နိုင်ပါသည်၊ ကျောင်းသားများဆိုလျင် စာကျက်ရလွယ်ကူခြင်း၊ ကျက်ပြီးစာများမမေ့ခြင်း၊ လုပ်ငန်းရှင်များဖြစ်လျှင်လဲ အကြံသစ်ဉာဏ်သစ်များဖြစ်ပေါ်လာခြင်း၊ မှန်ကန်သော ဆုံးဖြတ်ချက်များကို လျင်မြန်စွာ ချမှတ်နိုင် ခြင်းစသော အကျိုးကျေးဇူးများ ရနိုင်ပါသည်။
(၃) စီးပွါးဥစ္စာများ တိုးတက်လာခြင်း၊
တရားထိုင်ခြင်းကြောင့် ရွှေတွေငွေတွေ အလိုလို ရလာမှာတော့ မဟုတ်ပါဘူး၊ ဝိပဿနာ ကုသိုလ်ဟာ ကုသိုလ်အားလုံးထဲမှာ အကောင်းဆုံး စွမ်းအားအရှိဆုံးကုသိုလ်ဖြစ်ခြင်းကြောင့် တရားမှန်မှန် ထိုင်တဲ့သူများဟာ အထူးကံကောင်းလာတတ်ပါတယ်၊ ကံအထူးကောင်းလာရင်လဲ လုပ်သမျှ အဆင်ပြေပြီးတော့ စီးပွါးရေးတွေ တိုးတက်လာမှာ သေချာပါတယ်။
(၄) အသက်ရှည်ခြင်း၊
တရားထိုင်ခြင်းကြောင့် အသက်ပိုရှည်နိုင်ပါတယ်၊ တချို့ကင်ဆာရောဂါရှိသူများပင် တရားကိုပဲ အားကိုးတကြီိး ကြိုးစားအားထုတ်ကြလို့ ဆရာဝန် များ သတ်မှတ်ထားတဲ့ အတိုင်းတာထက် ပိုလွန်အောင် နေနိုင်ခဲ့ကြတဲ့ သာဓကတွေ များစွာရှိပါတယ်။
(၅) ကျန်းမာရေးကောင်းခြင်း၊
တရားထိုင်ခြင်းအားဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်၊ တရားထိုင်လျင် စိတ်တွေ ကြည်ပြီး သွေးသားများကို အထူးသန့်ရှင်းစေပါတယ်၊ သွေးသားများ သန့်ရှင်းကြည်လင်နေရင် ခန္ဓာကိုယ် အတွင်းပိုင်းမှာဖြစ်တတ်တဲ့ သွေးတိုး နှလုံးစတဲ့ ရောဂါတွေလဲ ကင်းရှင်းနိုင်ပါတယ်၊ ကျန်းမာရေးစရိတ် အလွန်ကြီးတဲ့ ဒီခေတ်မှာ စရိတ်ငြိမ်းပြီး အကျိုးကျေးဇူးများတဲ့ ဆေးနည်းဟာ မြတ်စွာဘုရားရဲ့  တရားဆေးပါပဲ။ ဒါကြောင့် လူကြီးလူငယ်မရွေး နေ့စဉ် တရားမှန်မှန် အားထုတ်ကြဘို့ တိုက်တွန်းပါတယ်။ တရားအားထုတ်တာဟာ စိတ်ကို အကောင်းဆုံး အလှပြင်နည်းပါပဲ။
၁။ ဒါနပြုလျှင်၊ လောဘစင်၊ ကြည်လင်လှပ ကိုယ့်ဘဝ၊
၂။ သီလ စောင့်လျှင်၊ ဒေါသစင်၊ ကြည်လင်လှပ ကိုယ့်ဘဝ၊
၃။ ဘာဝနာ ပွါးလျှင်၊ မောဟစင်၊ ကြည်လင်လှပ ကိုယ့်ဘဝ၊
၎။ ကုသိုလ်ပြုလျှင်၊ အကုစင်၊ ကြည်လင်လှပ ကိုယ့်ဘဝ။
ဆိုတဲ့ ဗုဒ္ဓညွှန်ပြတဲ့ နည်းများအတိုင်း မိမိရဲ့ ဘဝကို အရုပ်ဆိုး အကျည်းတန်စေတဲ့ လောဘစတဲ့ အကုသိုလ် အညစ်အကြေးတွေကို ဖယ်ရှားသုတ်သင်ပြီး ဒါန,သီလ,သမထ,ဝိပဿနာ,စတဲ့ ကုသိုလ်တရားတွေနဲ့ နေ့စဉ် မိမိရဲ့ စိတ်ကို အလှပြင်သွားကြမယ်ဆိုရင် သံသရာ တစ်လျှောက် နိဗ္ဗာန်ရောက်သည်အထိ ဘဝတိုင်းလှနိုင်ကြ မှာပါ၊ ကိုယ့်ဘဝ ကိုယ့်အရေး မျှော်တွေးကာ ကြိုကြိုတင်တင် အလှပြင်နိုင်ကြပါစေ၊ ဘဝတိုင်းလှ၍ ထာဝရ ချမ်းသာမှန်တဲ့ နိဗ္ဗာန်ကိုလဲ အမြန်ဆုံး ရောက်နိုင်ကြပါစေလို့ ဆုတောင်းပတ္ထနာပြုလိုက်ပါတယ်။ ။
မေတ္တာပန်းခိုင်၊ ကိုယ်စီကိုင်၊ မွှေးကြိုင် လန်းဆန်းကြပါစေ။
မေတ္တာအေး
(ဇေယျာ ရွှေမြေ)
မေတ္တာများဖြင့်
အရှင်သိရိန

No comments:

Post a Comment