1/05/2012

အိမ်ထောင်ရေးနှင့်ဝိပဿနာ

ယနေ့ခေတ်သည် ၀ိပဿနာတရား ခေတ်စားလာသော “၀ိပဿနာခေတ်ဖြစ်” ဖြစ်ပေသည်။ ၀ိပဿနာတရား အားမထုတ်ဘူးလျှင် ခေတ်မမီဟုတောင် ဆိုနေသည်။ ရှေးခေတ်အခါက ၀ိပဿနာကို လူကြီးများသာ အားထုတ်ကြသည်၊ လူကြီးများသာ အားထုတ်ကောင်းသည်ဟု လွဲမှားစွာ မှတ်ထင်နေခဲ့ကြသည်။ ယနေ့ခေတ်တွင် ထိုသို့မဟုတ်တော့။ လူငယ်၊ လူရွယ်၊ ကျောင်းသား၊ ကျောင်းသူ၊ ခေတ်ပညာတတ် အသက်အပိုင်းအခြားမရွေး ၀ိပဿနာတရား စိတ်ပါဝင်စားစွာ လိုက်စားလာကြသည်။ လက်တွေ့ကျမှ ယုံကြည်တတ်သော ခေတ်လူငယ်များနှင့် ၀ိပဿနာတရားသည် အသင့်တော်ဆုံးဖြစ်သည်။ တကယ့် လက်တွေ့ကျမှ ယုံကြည်တတ်သော ခေတ်ပညာတတ်လူငယ်များကို ၀ိပဿနာတရားက’လာပါ၊ ကျင့်လှည့်ပါ၊ အားထုတ် ကြည့်ပါ’ ဟု ဖိတ်ခေါ်လျှက်ရှိသည်။ ၀ိပဿနာဟူသော စကားသည် ခေတ်ပညာတတ် လူငယ်များ၏ နှုတ်ဖျားတွင် ခေတ်စားနေသည်။ ၀ိပဿနာတရားနှင့် ပတ်သက်ပြီး အချင်းချင်း ဆွေးနွေးကြ မေးမြန်းကြ၊ အမြင်ချင်းဖလှယ်ကြသည်။

ဝိပဿနာတရားအားထုတ်ခြင်းသည် အိမ်ထောင်ရေးတွင် အကျိုးသက်ရောက်မှုရှိပါသလား? လို့ တစ်ချို့က မေးတတ်ကြပါသည်။ ၀ိပဿနာတရားကို အားထုတ်ခြင်းဖြင့် မိသားစုအိမ်ထောင်ရေးတွင် တစ်ဦးကိုတစ်ဦး မေတ္တာပိုထားနိုင်ခြင်း၊ နားလည် ခွင့်လွတ် သည်းခံနိုင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာ လိုက်လျောညီထွေ နေထိုင်တတ်ခြင်းတို့ကြောင့် မိမိတို့ မိသားစုအတွင်းဝယ် အေးချမ်းသာယာမှုများ တိုးပွားလာနိုင်ပါသည်။ အိမ်ထောင်ရေးပြဿနာများဖြစ်ရခြင်းသည် လောဘ၊ ဒေါသစသောကိလေသာ တရားတွေ အားကြီးမှုကြောင့်၊တစ်ဦးကိုတစ်ဦး မေတ္တာမထားနိုင်ခြင်း၊ နားလည် ခွင့်လွတ် သည်းခံမှုမရှိခြင်း၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်စွာလိုက်လျောညီထွေ မနေထိုင်တတ်မှုများကြောင့် ဖြစ်ရပါသည်။ ဒါကြောင့် ၀ိပဿနာတရားကို အားထုတ်ခြင်းဖြင့် အေးချမ်းသာယာသော မိသားစုဘ၀ကို တည်ဆောက်နိုင်ပါသည်။ ဇနီးမောင်နှံနှစ်ဦးစလုံးက ၀ိပဿနာတရားတွေ အားထုတ်ထားကြလို့ ဓမ္မသဘောကို နာလည်ထားလျှင် အေးချမ်းသာယာပြီး ပျော်ရွင်စရာ မိသားစုလေးဖြစ်လာနိုင်ပါသည်။

ဓမ္မဆိုသည်မှာ ရိပ်သာမှာ တရားထိုင်ခြင်း၊ တရားအားထုတ်ခြင်းအလုပ်မျှကို ဆိုလိုသည်မဟုတ်ပါ။ ဓမ္မသဘောကို မိမိတို့နေစဉ်ဘ၀မှာ ပေါင်းစပ်၍ အသုံးချတတ်ရမည်ဖြစ်ပါသည်။ ၀ိပဿနာတရားကို စနစ်တကျ လေ့လာအားထုတ်ပါလျှင် အရင်ကထက် ကိုယ်အမူအရာပိုပြီး ယဉ်ကျေးသိမ်မွေ့လာပါတယ်။ နှုတ်အပြောအဆိုတွေလဲ အရင်ကထက် ချိုသာယဉ်ကျေး လာပါတယ်။ ကြမ်းကြမ်း တမ်းတမ်း၊ ကျယ်ကျယ်လောင်လောင် မပြောတော့ပါဘူး၊ စိတ်ဓာတ်တွေလဲ မြင့်မားလာပါတယ်။ စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှုများ အရင်ကထက်ပိုပြီး ရလာပါတယ်။ ရှေးကထက် သူတစ်ပါးအပေါ်မှာ မေတ္တာပို ထားနိုင်ခြင်း၊ နားလည် ခွင့်လွတ်သည်းခံနိုင်ခြင်း၊ အရာရာတွင် သတိပိုကောင်းလာခြင်း၊ အများနှင့် လိုက်လျော ညီထွေ နေထိုင်တတ်ခြင်း၊ ညဏ်ပညာများထက်မြက်လာခြင်း၊ ဒေါသထွက်တာနည်းလာခြင်း၊ ဘုရား၊ တရား၊ သံဃာရတနာသုံးပါးအပေါ် အရက်ကထက် ပိုမိုယုံကြည်လာခြင်း၊ မိဘ၊ ဆရာသမား တွေရဲ့ကျေးဇူးကိုပိုမိုသိမြင် နားလည်လာခြင်းစသော ရလာဒ်ကောင်းတွေကို ရရှိနိုင်ပါတယ်။

ဝိပဿနာတရားကို စနစ်တကျ ကြိုးစားအားထုတ်လို့ အရက်ပြတ်၊ကွမ်းပြတ်၊ဆေးလိပ်ပြတ်သွားကြတဲ့ သူတွေကိုလည်း အများကြီးတွေ့ဖူးပါသည်။ ဒါကြောင့် လူတစ်ယောက်ဟာ မြတ်စွာဘုရား၏ ၀ိပဿနာတရားကိုအားထုတ်ပြီးတဲ့နောက်မှာ သူ့ရဲ့ အကျင့်အားလျော်စွာ သူရဲ့ Lifestyle က ဓမ္မဘက် အကောင်းဘက်ကို ပြောင်းလွဲသွားနိုင်ပါတယ်။ ထိုအခါ ဇနီးမောင်နှံနှစ်ဦးစလုံးက ၀ိပဿနာတရားတွေ အားထုတ်ထားကြလို့ ဓမ္မသဘောကို နာလည်လာကြလို့ အေးချမ်းသာယာပြီး ပျော်ရွင်စရာ မိသားစုလေးဖြစ်လာမှာ သေချာလှပါသည်။

ဘ၀ကို ဓမ္မဖြင့် အလှဆင်နိုင်ကြပါစေ။

No comments:

Post a Comment