10/16/2011

BIDC ဖိတ်ခေါ်ဖလား မြန်မာလူငယ် အနိုင်ရဗိုလ်စွဲ

ကမ္ဘောဒီးယား နိုင်ငံက အိမ်ရှင် အဖြစ် လက်ခံ ကျင်းပလျှက် ရှိသည့် BIDC ဖိတ်ခေါ် ဖလားပွဲတွင် မြန်မာ ယူ-၂၁ အသင်း အနေဖြင့် ထိုင်း လူငယ် အသင်းအား ၂ဂိုး ၁ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

သာမန် ပွဲကစားချိန် အတွင်း တစ်ဖက် တစ်ဂိုးစီ သရေပွဲ ဖြစ်နေခဲ့၍ အချိန်ပို ဆက်လက် ကစားခဲ့ရပြီး မြန်မာတို့က သက်နိုင်၏ ၁၀၆မိနစ် သွင်းဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ သာမန် ပွဲကစားချိန် ပထမပိုင်း မိနစ် ၄၀တွင် ထိုင်းအသင်းမှ ပမ်ပက်ခ်က ဦးဆောင်ဂိုး စတင် သွင်းယူခဲ့၍ မြန်မာ လူငယ်တို့ နောက်မှ လိုက်ကစား ခဲ့ရပြီး တစ်မိနစ် အကြာတွင်ပင် ဇော်လင်းက ချေပဂိုး ပြန်လည် သွင်းယူ ပေးနိုင်ခဲ့သည်။ ထို့ကြောင့် ပထမပိုင်း အပြီး ၁-၁ သရေ ဖြစ်နေခဲ့ပြီး ဒုတိယပိုင်း ၄၅မိနစ် ဆက်လက် ယှဉ်ပြိုင် ကစားရာ ဂိုးထပ်မံ သွင်းယူ နိုင်ခြင်း မရှိဘဲ သရေပွဲသာ ဖြစ်နေခဲ့သည်။ အချိန်ပို ပထမပိုင်းတွင်လည်း တစ်ဖက်နှင့် တစ်ဖက် ဂိုးထပ်မံ သွင်းနိုင်ခြင်း မရှိဘဲ ဖြစ်နေရာမှ အချိန်ပို ဒုတိယပိုင်း စစချင်းတွင် သက်နိုင်က မြန်မာ လူငယ်အသင်း အတွက် အဆုံးအဖြတ် အနိုင်ဂိုးအား သွင်းယူ ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် မြန်မာ ယူ-၂၁ အသင်းသည် ကမ္ဘောဒီးယား နိုင်ငံ၏ BIDC ဖိတ်ခေါ်ဖလား ချန်ပီယံ ဆုအား ရရှိခဲ့ပြီး အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် ထိုင်းအသင်းအား ရှုံးနိမ့်ခဲ့သည့် ရှုံးကြွေးကိုလည်း ပြန်ဆပ်နိုင်ခဲ့သည်။
မြန်မာနှင့် ထိုင်းတို့၏ ဖိုင်နယ်ပွဲစဉ်အား သွားရောက် အားပေးခဲ့ကြသည့် မြန်မာ ပရိသတ်များ

No comments:

Post a Comment