အာရှ ယူ-၁၆ ချန်ပီယံရှစ် ခြေစစ်ပွဲအုပ်စု G ပွဲစဉ်အဖြစ် ယခုလ ၁၉ ရက်နေ့ ညနေပိုင်းက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရှိ ရာဇမင်္ဂလာ အားကစား ကွင်းကြီးတွင် ဒေသစံတော်ချိန် ညနေ ၃ နာရီအချိန်၌ မြန်မာအသင်းနှင့် ဟောင်ကောင် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ မြန်မာအသင်းက ၄း၂ ဖြင့် ဂိုးပြတ် အနိုင်ရရှိသွား ခဲ့ကြောင်း သိရသည်။
ယင်းမှာ ပြီးခဲ့သည့် အုပ်စု ပွဲစဉ်တလျှောက် အင်ဒိုနီးရှား၊ သြစတြေးလျ နှင့် ထိုင်းအသင်းတို့ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သည့် မြန်မာအသင်း အတွက် ပထမဆုံး နိုင်ပွဲ တစ်ပွဲ ရရှိခဲ့ခြင်း ဖြစ်သည်။
အုပ်စုရပ်တည်မှု အနေအထားအရ မြန်မာ အသင်းသည် ခြေစစ်ပွဲ အောင်မြင်ရန် ရာခိုင်နှုန်း အလွန် နည်းနေသော်လည်း ဟောင်ကောင် အသင်းနှင့် ပွဲစဉ်တွင်မူ ခြေစွမ်းပြ ကစား သွားခဲ့ကြောင်း သိရသည်။
ယင်း ပွဲစဉ်တွင် မြန်မာအသင်းအတွက် အနိုင်ဂိုးများကို ဒုတိယပိုင်း ၄၈ မိနစ်တွင် စိုးမင်းထွန်း၊ မိနစ် ၈၀ တွင် ဇင်ကိုထွန်း (ပင်နယ်တီ) ၊ ၈၉ မိနစ်တွင် ငြိမ်းချမ်းအောင်နှင့် မိနစ် ၉၀ ပြည့်အပြီး နာကျင်အချိန်ပို ၃ မိနစ်တွင် ၀ဏ္ဏတို့က သွင်းယူသွားခဲ့သည်။
ဟောင်ကောင် အသင်းအတွက် ဂိုးနှစ်ဂိုးကို ပထမပိုင်း ၃ မိနစ်တွင် ချင်(ပင်နယ်တီ)နှင့် ဒုတိယပိုင်း ၆၄ မိနစ်တွင် ဝေါင်ဖီးလစ်တို့က သွင်းယူသွားခဲ့သည်။ အဆိုပါ ပွဲစဉ်သို့ ပရိသတ်ပေါင်း ၁၀၀ ခန့် လာရောက် အားပေး ကြည့်ရှုခဲ့ကြောင်း သိရသည်။
http://www.myanmargoal.com/ မှ တဆင့် ပြန်လည် တင်ပြသည် ။

No comments:
Post a Comment